Saturday, 22 December 2012

သားဦးရခါစ ဖခင်များ စိတ်ဓာတ်ကျနိုင်



ကလေးမွေးဖွားပြီး အမျိုးသမီးတွေ ဟာမီးဖွားပြီးနောက် စိတ်ဓာတ် ကျခြင်း (Postpartum depression) ကို ခံစားကြရတယ် ဆိုတာ သိကြပြီးသားပါ။ အမျိုးသမီးတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်အထိဟာ ကလေးမွေးဖွား ပြီးနောက် အနည်းငယ် ဝမ်းနည်းမှုကို ခံစားရတတ်ပြီး အဲဒါကို Baby Blues လို့ခေါ်ပါတယ်။ ၁၀ ရာခိုင်နှုန်းခန့်ကတော့ ပြင်းထန်တဲ့ စိတ်ဓာတ်ကျဆင်းမှု ဖြစ်တတ်ကြပါတယ်။ အခုတော့ 
 
သုတေသနတွေအရ အမျိုးသမီးတွေတင်မက အမျိုးသားတွေပါ သားဦးရပြီးနောက် စိတ်ဓာတ်ကျဆင်းမှုကို ခံစားရနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ ကြပါတယ်။ တချို့အမျိုးသားတွေဟာ သားဦးရပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ထူးထူးခြားခြား စိုးရိမ်ပူပန်တာ၊ ဝမ်းနည်းတာနဲ့ အထီးတည်းနေလိုတာတွေကို ခံစားရပါတယ်။ တချို့ အမျိုးသားတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်တဲ့ အထိတောင် ခံစားမှုက ပြင်းထန်တတ်ပါတယ်။ ဒါကြောင့် မီးဖွားပြီးစ အမျိုးသမီးတွေကို Postpartum depression အတွက် နှစ်သိမ့် ဆွေးနွေးတာနဲ့ အားပေးကူညီ တာတွေလုပ်ဖို့ လိုအပ်သလို သားဦး ရခါစ အမျိုးသားတွေကလည်း ဒီလို အကူအညီမျိုး လိုအပ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
သားဦးဖခင်အား ဂရုစိုက်သင့်သော အကြောင်းပြချက် ခြောက်ရပ်
သားဦးဆိုရင် အရူးအမူးချစ်တတ်ကြတာ ဓမ္မတာဖြစ်ပါတယ်။ ကလေးမွေးပြီးစ ပူပူနွေးနွေးမိခင်တွေကလည်း သားသမီးကို အရိပ်တကြည့်ကြည့်နဲ့ ရှုမဝဖြစ်တတ်ကြသလို ဆွေမျိုးသားချင်းတွေကလည်း မိခင်နဲ့မွေးကင်းစကလေးကို ဝိုင်းဝန်း စောင့်ရှောက်တတ်ကြပါတယ်။ အဲဒီအခါ သားဦးဖခင်မှာ ဂရုစိုက်မခံရတဲ့အပြင် ပင်ပန်းနွမ်းနယ်မှုကြောင့်ပါ စိတ်ဓာတ်ကျ ရတတ်ပါတယ်။ တကယ်တော့ သားဦးဖခင်ကို ဇနီးသည်ရော ဆွေမျိုးတွေကပါ ဂရုစိုက်ဖို့လိုအပ်တဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။
၁။ လူသားတစ်ယောက်ဖြစ်ခြင်း
လူသားတိုင်း ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ဖို့ အခွင့်အလမ်းရှိပါတယ်။ သားဦးဖခင်က လူသားတစ်ဦးဖြစ်တဲ့အတွက် သူရဲ့ ပျော်ရွှင်ကျန်းမာရေးကို မိသားစု ဆွေမျိုးအားလုံးက ထည့်တွက်သင့်ပါတယ်။
၂။ အဓိကဝင်ငွေရှာဖွေခြင်း
အိမ်ထောင်စုတစ်ခု အဆင်ပြေပြေရပ်တည်နိုင်ဖို့ လိုအပ်တဲ့ဝင်ငွေကို ရှာဖွေနေရတဲ့ အိမ်ထောင်ဦးစီးဖြစ်တာကြောင့် ဂရုစိုက်သင့်တာပါ။
၃။ ကလေး၏ ဖခင်ဖြစ်ခြင်း
ဖခင်ရဲ့စိတ်ခံစားမှုဟာ ကလေးအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ ဖခင်ရဲ့စိတ်ချမ်းသာ ပျော်ရွှင်မှုဟာ ကလေးရဲ့ဘဝ တစ်ခုလုံးကို ကောင်းကောင်း ပုံသွင်းပေးနိုင်ပါတယ်။
၎။ အိမ်ထောင်ရေး တည်မြဲခြင်း
ဂရုစိုက်ခံရတဲ့ သားဦးဖခင်ဟာ ဇနီးနဲ့ရင်သွေးအပေါ် ပိုမိုချစ်မြတ်နိုး တန်ဖိုးထားတတ်ပြီး မိသားစုဘဝမှာ ပျော်မွေ့တတ်ပါတယ်။
၅။ ကလေးပြုစုရာမှာ ကူညီခြင်း
ဖခင်အများစုဟာ စီးပွားရှာရုံသာမက ကလေးပြုစုပျိုးထောင်ရာမှာပါ မိခင်နဲ့အတူ ပါဝင်ဆောင်ရွက်တတ်ပါတယ်။ ဒီနေ့ခေတ် စံပြဖခင်တွေဆိုရင် အိမ်အလုပ်ကော ကလေးတာဝန်ကိုပါ ဝေမျှယူတတ်ပါတယ်။ သားဦးဖခင်ဟာ မိသားစုဘဝမှာ ကျေနပ်ဖို့ဆိုရင် သူ့ကိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
၆။ စီးပွားရေး အဆင်ပြေစေခြင်း
မိသားစုနဲ့ အိမ်ထောင်ရေး ပြဿနာတွေဟာ ဖခင်တွေကို စိတ်ဖိစီးမှု ဖြစ်စေပြီး နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ မိသားစုရဲ့ စီးပွားရေးအခြေအနေကို ထိခိုက်လာနိုင်တဲ့အတွက် သားဦးဖခင် ကျန်းမာနေအောင် ဂရုစိုက်ပေးပါ။
Ref By - http://seinpanpyar.multiply.com/

No comments:

Post a Comment