iPad 2 နဲ့ မြေပုံ (ဓာတ်ပုံ - James Looker/Getty Images)
Aung Kham (TSJ team) ~
ထိုင်ဝမ် (တရုတ် တိုင်ပေ) အစိုးရအနေဖြင့် Apple ၏ မြေပုံ Application တွင် ၎င်းတို့ စစ်တပ်တည်နေရာကို မဖော်ပြစေလိုကြောင်း သိရသည်။
ထို့ကြောင့် ထိုင်ဝမ်တို့၏ စစ်တပ်နှင့် ရေဒါစခန်းများကို Apple မြေပုံတွင် မှုန်ဝါးဝါးဖြင့်သာ ဖော်ပြရန် ဆက်သွယ် ပြောကြားထားကြောင်း သိရသည်။
ယင်းကဲ့သို့တောင်းဆိုမှုမျိုးကိုလည်း Google မြေပုံ စနစ်ကတည်းက ထိုင်ဝမ်တို့ ပြုလုပ်ပြီး မှုန်ဝါးဝါးဖြင့်သာ ဖော်ပြခဲ့သည်။
ယခုလည်း Apple ၏ မြေပုံ (Apple Map app) ပေါ်လာပြီ ဖြစ်သည့်အတွက် ယခင်ကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၀၅ ခုနှစ်ကလည်း ထိုင်ဝမ်ကို တရုတ်ပြည်မကြီး၏ တစ်စိတ်တစ်ပိုင်းဟု Google တွင်ဖော်ပြခဲ့သောကြောင့် ပြဿနာတက်ခဲ့ဖူးသည်။
နိုင်ငံရေးအရ တရုတ်ပြည်မနှင့် ထိုင်ဝမ်တို့သည် ဆက်စပ်မှုမရှိပဲ စစ်ဖြစ်နိုင်ချေ အခြေအနေတွင် ရှိသည်။
ယခုအခါ ထိုင်ဝမ်ကျွန်းမှ Hsinchu ရှိ ဒုံးပျံထောက်လှမ်းရေး ရေဒါစခန်းကို အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလျံ အကုန်ကျခံ၍ ၂၀၀၃ ခုနှစ်က စတင် တည်ဆောက်ထားသည်။
တည်ဆောက်ရေး စီမံကိန်း မှာ ယခုနှစ် ပြီးဆုံးမည်ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ရယူသော အကူအညီများလည်း ပါဝင်သည်။
ယင်းဒုံးပျံသည် တရုတ်ပြည် အနောက်မြောက်စွန်း Xinjiang ပြည်နယ်အထိ ပစ်လွတ်လာမည့် တာဝေးပစ် ဒုံးကျည်များကို ထောက်လှမ်းနိုင်စွမ်းရှိပြီး ထိုင်ဝမ်နိုင်ငံ လုံခြုံရေးအတွက် များစွာ အကျိုးပြုသည်။
အကယ်၍ ယင်း ရေဒါစခန်းကိုသာ မြေပုံတွင်ဖော်ပြထားလျှင် တရုတ်ပြည်မက အားသာချက်အဖြစ် ယူနိုင်ပြီး ထိုင်ဝမ်ကျွန်းစု လုံခြုံရေး လျော့နည်းသွားနိုင်ကြောင်း ထောက်ပြထားသည်။
ထို့ကြောင့် ထိုင်ဝမ်မှ သက်ဆိုင်ရာ အရာရှိများက Apple ကို တိုက်ရိုက်ဆက်သွယ် တောင်းဆိုထားကြောင်း သိရသည်။
---
Ref:zdnet.
TechSpace နည်းပညာဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။
http://techspacejournal.blogspot.com/2012/10/apple.html
No comments:
Post a Comment