
မြန်မာနိုင်ငံတွင် ပထမဆုံး တရားဝင် နှစ်သစ်ကူး ကြိုဆိုပွဲ (New Year's Count Down Party)ကို ကျင်းပ ပြုလုပ်သွားမည်ဟု သိရှိရသည်။ ယင်းကို ထိုင်းနိုင်ငံမှ ပွဲတော် ကျင်းပရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် Index Creative Village၏ မြန်မာနိုင်ငံမှ ကုမ္ပဏီခွဲက တာဝန်ယူ ဖော်ဆောင်သွားမည် ဖြစ်သည်။ Myanmar Index Creative Villageသည် ယခုအစီအစဉ်ဖြင့် လူပေါင်း (၅၀၀၀၀)ကျော်မျှ ပါဝင်ပူးပေါင်းလာအောင် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားထားသည်။ နှစ်သစ်ကူး အကြိုညတွင် ရန်ကုန်မြို့ရှိ မြို့မဘောလုံးကွင်း (မိုင်ဒါကွင်း)တွင် စုရုံးကာ အဆိုပါ ပျော်ရွှင်မှု ပွဲတော်ကို ကျင်းပသွားမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။
"ဦးတည်ချက် အသစ်နဲ့ ပျော်စရာ အခမ်းအနား တစ်ခုကို ကျွန်တော်တို့ မြန်မာနိုင်ငံဆီကို ယူသွားချင်တာပါ။ အဲဒီက လူအများစုက Countdownအတွက် တစ်စုတစ်စည်းတည်း ရှိနေဖို့ သီးခြား စိတ်ကူး မရှိခဲ့ကြဘူး။ ဒီလို စုပေါင်း ကျင်းပမှုမျိုး အရင်က တစ်ခါမှ မရှိခဲ့သေးဘူးလေ"ဟု Index Creative Villageမှ အမှုဆောင် အရာရှိချုပ် ခရင်ကရိုင် ကန်ဂျန်ပိုကင်က ပြောကြားခဲ့သည်။ ကန်ဂျန်ပိုကင်က မြန်မာနိုင်ငံမှ တာဝန်ရှိသူများက အဆိုပါ ပွဲတော် ကျင်းပမှုကို ခွင့်ပြုခဲ့သလို လုံခြုံရေးကဏ္ဍတွင် စစ်ဘက်က ကူညီစောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ကျင်းပပြုလုပ်သွားမည့် New Year ပါတီပွဲအတွက် ပြင်ဆင်ရန် ထိုင်းဘတ်ငွေ ၃၅ သန်း ရင်းနှီးကုန်ကျခံသွားမည်ဖြစ်ကြောင်း Index Creative Village ၏ လက်အောက်ခံ Myanmar Index Creative Village (MICV) ကုမ္ပဏီမှတစ်ဆင့် ထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် နာမည်ကျော် အဆိုတော်များနှင့် အနုပညာရှင်များ၏ ဖျော်ဖြေမှု အစီအစဉ်များ ပါရှိမည်ဖြစ်သလို ဝင်ကြေးသတ်မှတ်ကောက်ခံမည် မဟုတ်ကြောင်းလည်း သိရှိရသည်။
Source: BangkokPost, Photo: MRTV-4
No comments:
Post a Comment