တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က ပုံစံ ထုတ်လုပ်ပြီး၊ ချင်ဒူး တရုတ်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံ (Chengdu Aircraft Industry Group) က ထုတ်လုပ်သည့် ပဉ္စမ မျိုးဆက်သစ် ဂျက်တိုက်လေယာဉ် အမျိုးအစားဖြစ်သော ဂျေ-၂၀ (Jian-20) ခေါ် အသံထက် မြန်သော ဘက်စုံသုံး ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် (Stealth Multirole Combat Aircraft) ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က အောင်မြင်စွာ စမ်းသပ် ပျံသန်းပြနိုင်ပြီ ဖြစ်ကြောင်း တရုတ် စစ်ဘက်ထိပ်တန်း အရာရှိများက ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြောကြားသည်။ အဆိုပါ ဂျက်တိုက်လေယာဉ်ကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က ၁၅ မိနစ်ကြာ စမ်းသပ် ပျံသန်းခဲ့ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ လေယာဉ်ကို တိုက်ပွဲဝင်အသင့်ဖြစ်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ အောင်မြင်စွာ စမ်းသပ် ပျံသန်းပြသခြင်း ဖြစ်သည်။
အဆိုပါ ဂျက်တိုက်လေယာဉ်သည် အမေရိကန် ပြည်ထောင်စု၏ ဘက်စုံသုံး ဂျက်တိုက်လေယာဉ် အက်ဖ်-၂၂ ရက်ပ်တာ (Lockheed Martin F-22 Raptor)၊ ရုရှားနိုင်ငံ လုပ်ငန်းဆူခွိုင်း တီ-၅၀ (Sukhoi T-50 multi Role) ဘက်စုံသုံး ဂျက်တိုက်လေယာဉ်၊ မစ်ဆူဘီရှီ (ATD-X) ဂျက်တိုက်လေယာဉ်၊ ကိုရီးယား သမ္မတနိုင်ငံလုပ် (KF-X) ဂျက်တိုက်လေယာဉ်၊ တူရကီနိုင်ငံလုပ် (TFX-Turkey) ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင် ထိုးစစ်ဆင်နိုင်မည် ဖြစ်သည်ဟု လေယာဉ်မှူး စူယောင်လန်းက ဆိုသည်။ ဂျေ-၂၀ ဂျက်တိုက်လေယာဉ် စွမ်းဆောင်ရည်နှင့် စက်မှု နည်းပညာ သတင်း အချက်အလက် အချို့မှာ-
(၁) လေယာဉ် တစ်စီးလုံး အရှည်ပေ-၇၀၊
(၂) တောင်ပံအရှည်-၄၂ ပေ၊
(၃) လေယာဉ်အမြင့်-၁၅ ပေ၊
(၄) တောင်ပံဧရိယာ-၆၃၀ စတုရန်းပေ၊
(၅) လေယာဉ်အလေးချိန် (ဝန်မပါ)- ပေါင် ၃၇,၅၀၀၊
(၆) အများဆုံး တင်ဆောင်နိုင်သည့် ဝန်-ပေါင် ၈၀,၀၀၀၊
(၇) မြန်နှုန်း အသံထက် ၂.၅ ဆ၊
(၈) ပျံသန်းနိုင်သည့် အကွာအဝေး- မိုင် ၃,၄၀၀၊
(၉) တိုက်ပွဲဝင်နိုင်သည့် အကွာအဝေး- မိုင် ၂,၀၀၀၊
(၁၀) ပျံသန်းနိုင်သည့် ဝေဟင်အမြင့်- ပေ ၆၆,၀၀၀၊
(၁၁) တပ်ဆင်ထားသည့် လက်နက်ခဲယမ်းများမှာ- ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များ၊ စမတ်ဗုံးများ၊ ၃၀ မီလီမီတာ စက်အမြောက်၊ ဝေဟင်မှ မြေပြင်ပစ် ရော့လက်လောင်ချာ ၄ လက်၊ ဝေဟင်မှ ဝေဟင်ပစ်တာတို၊ တာလတ်၊ တာဝေးပစ် ဒုံးကျည်များ တပ်ဆင်နိုင်သည်။
(၁၂) စက်နှစ်လုံး တပ်လိုက်လေယာဉ် ဖြစ်သည်။
(၁၃) လေယာဉ်တစ်စီးတန်ဖိုး-ဒေါ်လာ သန်း ၁၁၀ ဖြစ်သည်။
ကျော်စိန်
Ref:Chinese Military Review
No comments:
Post a Comment